Saturday, February 13, 2010

ချစ်တယ်ဆိုတာမင်္ဂလာပါ


အချိုစကား နှစ်ကိုယ်ကြားဝယ်
ကြည်နူးပျော်မွေ့
အဝေးမကွာနေချင်တာကြောင့်
သူငါမခြား အချစ်နားဝယ်
ဝဲလည်မဆုံး
အပြုံးကမ္ဘာရှိနေတာကြောင့်
အချစ်စကား
နားမခါးနဲ့
အချစ်ပါဝါ
ကမ္ဘာတည်တယ်
လူတွေလည်းချစ်
နတ်တွေချစ်တယ်
ချစ်တယ်ဆိုတာ
မင်္ဂလာပါ။

ရင်ငွေ့လှုံသောနေ့


ရက်စွဲတွေ နေရာချိန်းပေမယ့်
ပန်းနုရောင်သွေးစက်ပျောက်တွေ
ရင်ဘတ်အောက်မှာရှိနေတယ်။
ဆောင်းနှင်းတွေဝေခဲ့ပြီးနောက်
နွေပေါက်ပြီးသစ်ခြောက်ကြွေသော်လည်း
နောင်တစ်ချိန်နှင်းတွေကြားမှာ
ပျော်ချင်သေးတဲ့အသိတွေရှိတယ်။
မိုးစက်တွေ မြေခနေသော်လည်း
သက်တန့်ရောင် မျက်အစုံကြားမှာ
အရိပ်တွေထင်ကျန်နေတယ်။
ရွှေရောင်ချောကလက်တစ်ခု
ရင်ငွေ့လှုံသောနေ့လေးမှာ
အသဲကျောက်စာအဖြစ်နဲ့
အချစ်ကိုတည်ဆောက်ထားတယ်
ရှင်သန်သောခြေလှမ်းတွေ
ခိုင်မာသောသတိတွေ
ပြီးတော့...ပြီးတော့...
တည်ရှိနေတဲ့ ဒီနေ့တွေပေါ့.........

လမ်းပေါ်ရောက်ပြီလား


လမ်းပေါ်ရောက်ပြီလား ဆိုတဲ့စကားလေးဟာ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့ စကားလုံးလေးပါ။
မှတ်မှတ်ရရပေါ့ သူငယ်ချင်းတွေဆုံမိတုံး ၀ိုင်းထိုင်လို့ စပ်မိစပ်ရာ စကားလေးပြောဖြစ်ကြတယ် ။ များသောအားဖြင့် လူတွေဟာ လမ်းပေါ်ကလူဆိုရင် သိပ်ပြီးအထင်မကြီးတတ်ကြဘူးလေ။ စင်ပေါ်ရောက်မှ၊ အမြင့်ရောက်မှ အထင်ကြီးကြတဲ့လောကကြီးဆိုတော့ လမ်းပေါ်ကလူဆိုရင် မျက်လုံးစိမ်းကြီးတွေနဲ့ အကြည့်တွေက စိမ်းတတ်ကြတယ်လေ။ ဒါကလဲဖြစ်တတ်တဲ့နိယာမ သဘောဆိုတော့ သူ့တို့ကိုလဲ အပြစ်ကမဆိုသာဘူးပေါ့။ ခေတ်ကြီးကိုက ဂုဏ်ကိုခင် ပကာသနကိုမင်ကြတဲ့ခေတ်ကြီးဆိုတော့ လမ်းပေါ်ကလူဆိုရင် တေလေကြမ်းပိုး၊ ယောင်ခြောက်ဆယ်၊ အလုပ်မရှိ အကိုင်မရှိတဲ့သူလို့ ထင်ကြတာကလား။
လမ်းပေါ်ကလူနဲ့ လမ်းဘေးကလူ သိပ်မခွဲခြားတတ်တာလဲ ဖြစ်နိုင်လောက်ပါတယ်။ လူဟာ သူ့ဟာနဲ့သူ တန်ဖိုးတော့ရှိကြတာပေါ့၊ အကုန်လုံးသုံးစားလို့ မရတာတော့ မဟုတ်ပါဘူး။
လမ်းဘေးရောက်တဲ့သူဟာ အတော်ရှားပါတယ်။ ပညာဘယ်လောက်တတ်တတ်၊ ပစ္စည်းဥစ္စာဘယ်လောက်ပေါပေါ လူအများနဲ့ သဟဇာတမဖြစ် ၊ ကိုယ့်အကျိုးတစ်ခုတည်းကိုသာ ကြည့်တတ်တဲ့လူတန်းစားတွေဟာ လမ်းပေါ်ရောက်တဲ့ လူတန်းစားထဲ မပါနိုင်ပါဘူး၊
ဘေးထိုင်ဘုပြော အကောင်းမမြင်ဝါဒ လက်ကိုင်စွဲထားတဲ့သူတွေပေါ့။
တစ်ခါတုန်းက ၀တ္ထုလေးတစ်ပုဒ်ဖတ်လိုက်ရတယ် စာရေးဆရာ ညီငယ်လေးရေးတဲ့ စာလေးပါ။
ကိုသက်ပြင်းဆိုတဲ့ ကြပ်မပြည့်သူတစ်ယောက်အကြောင်းရေးထားတာပါ။ ကိုသက်ပြင်းဟာ ကြပ်မပြည့်ပေမဲ့ ရေထမ်းပြီးသူဘ၀ကို ရုန်းကန်ရှာတယ်၊ ရေပုံးရှိရင် ကိုသက်ပြင်းအတွက် ဘာမှပူစရာမလိုဘူး၊ ရေလိုတဲ့အိမ် ရေထမ်းပေး ကျွေးတဲ့ထမင်းစား ပေးတဲ့ပိုက်ဆံယူပြီး သူ့ဘ၀ သူ့လမ်းပေါ်သူလျှောက်နေတဲ့သူ။
တစ်နေ့အလှူအိမ်မှာ ကိုသက်ပြင်းတစ်ယောက် ထမင်းသွားစားတယ် တောဓလေ့အတိုင်း လူကဖိနပ်မစီးဘူး ၊ ဖိနပ်ကလူကိုစီးထားတယ်၊ ဖိနပ်ပျောက်မှာဆိုးလို့ ခါးကြားထဲမှာ နေရာယူထားတယ်ပေါ့။
အဲဒီအချိန်မှာ ဖိနပ်မပါတဲ့ လူကြီးတစ်ယောက် တောင်ဝှေးကြီးနဲ့ အလှူအိမ်ကို သူလဲထမင်းလာစားတယ်၊ အရပ်ထဲမှာပေါ့ အသက်ကြီးတော့ လူရိုသေ ရှင်ရိုသေပေါ့ ။ အလှူအိမ်ရောက်တော့ ထမင်းစားပြီး ကိုသက်ပြင်းခါးကြားက ဖိနပ်ကိုမြင်ပါလေရော၊ အဲဒီမှာပဲ သူ့ဖိနပ် သက်ပြင်းခိုးပါတယ်ဆိုပြီး တောင်ဝှေးနဲ့ ကိုသက်ပြင်ကိုရိုက်ပါလေရော ကိုသက်ပြင်းခမျာ လူးလိမ့်ခံရပါလေရော၊ ဘေးကလူတွေကော ကိုသက်ပြင်းကို ဆဲဆို ကြိမ်းမောင်းလို့ပေါ့။ အဲဒီအချိန်မှာ ဘေးနားအိမ်ကလူတစ်ယောက်က ဖိနပ်မပါဘဲလာတဲ့ အဖိုးကြီးကိုသတိပြုမိထားတော့ သူကသွားပြောတယ် ဘကြီး ခုနလာတုံးက ဖိနပ်ပါလို့လားလို့ တကယ်သိတဲ့သူ လာပြီးမေးမှ ဟုတ်သားပဲ ဘကြီးမေ့သွားတယ် ဖိနပ်ပါမလားဘူးတဲ့ ၊ အဲဒီတော့မှ ကိုသက်ပြင်းခမျာ သက်သာသွားတယ်။ ကိုသက်ပြင်းလဲ သက်သာရာရသွားရော လဲနေတဲ့နေရာကထပြီး ပြောလိုက်တဲ့စကားက ´သက်ပြင်းလေ မခိုးဘူး ငရဲကြီးတတ်တယ် တဲ့` ကဲဘယ့်နဲ့ရှိစ၊ အသိရှိတဲ့ ကြပ်ပြည့်တဲ့သူက ကြပ်မပြည့်တဲ့သူစီက ဖိနပ်ကိုလိုခြင်တယ်။ ဘယ်သူက လမ်းပေါ်ကလဲ ဘယ်သူကလမ်းဘေးလဲ စဉ်းစားကြည့်စေချင်တယ်။
လူ့လောကမှာ ကိုယ့်အတွက်ဘဲ ကြည့်တတ်တဲ့ တစ်ဖို့ထဲသမားတွေ အများကြီးပါ။
အဲဒီလူတွေက လမ်းပေါ်ကလား၊ လမ်းဘေးကလား ၊
သူငယ်ချင်းကို သူ့ဆရားသမားတစ်ပါးက မေးတယ် မင်းဘာလုပ်နေလဲ ဘယ်မှာနေလဲ စသည်ပေါ့။ အဲဒီလိုမေးတော့ သူငယ်ချင်းကဖြေတယ် အခုတော့ တပည့်တော် လမ်းပေါ်မှာဘဲဘုရားလို့ ၊
အဲဒီတော့ သူ့ဆရာသမားကပြောတယ် အေးမင်းစာတတ်သွားပြီတဲ့။
ကဲမိတ်ဆွေတို့ ဒို့လဲ လမ်းပေါ်ကလား လမ်းဘေးကလား ..........................

အမေသို့


တစ်ချိန်က
ကြည်လဲ့ရွှန်းမြ မျက်ဝန်းတစ်စုံ
နဖူးပေါ်မေးလေးတဖွဖွတင်လို့
သီချင်းသံညှင်းသွဲ့သွဲ့ငြီးဆို
ထွေးပိုက်ထားတဲ့ အမေ့ရင်ခွင်မှာ
နှစ်ခြိုက်စွာ အိပ်မောကျခဲ့။
တစ်ချိန်က
လယ်တောပြန်အမေ
စာဝတ်နေရေး မြစ်ကြီးခြားလို့
တစ်နေ့တာလွမ်းသမျှ
အတိုးချကရုဏာနို့ချို
ချွေးစိုပေမယ့် ချိုခဲ့တယ်။
တစ်ချိန်က
ပရိယေသန ချွေးစက်တို့ရှိန်းမြနေတဲ့
အမေ့ကိုယ်သင်းနံ့
ခုထိ ရှိက်မိဆဲ
လက်လက်ဆက်ဆက်မွှေးမြဆဲပေါ့။
တစ်ချိန်က
မြို့ပြပညာသင်ခရီးဆိုပြီး
လောကုတ္တရာမှီးသွားတဲ့သားလေ
လယ်ကွင်းရိုးပြတ်တောတွေကြားမှာ
မျက်ရည်မှုံဝါး
အမေ့ကိုချန်ထားခဲ့မိပေါ့။
တစ်ချိန်က
အမေ
ကမ္ဘာတည်သရွေ့ အမေပေါ့
အမေရယ်.....
စိန္တေရှင်တရား သတင်းစကားတွေနဲ့
ကမ္ဘာတိုင်အောင် ချဉ်းမယ့်သားပေါ့ လို့
ဂုဏ်ယူရတဲ့ အပျော်ထက်
ရင်ခွင်ဆီ မဆိုက်ကပ်နိုင်တဲ့ သားကို
မရောက်တာကြာပေါ့ လို့
မျှော်ရတဲ့အမော
ဘယ်အရာကစီးစီးပိုးပိုးရှိခဲ့လေမလဲ။
ဇရာမြူတွေမှိုင်းနေတဲ့
အမေ့မျက်ဝန်း ဓာတ်မခွဲရက်
မေတ္တာနဲ့သာ နီးကြပါစို့
အမေ။

မရေရာသောအတွေးမျးနဲ့ သေချာသောအလွမ်းများ



မသေချာသောအတွေးများနဲ့ သေချာသောအလွမ်းများ (၁) ၂၀၀၉-ခုနှစ်ရဲ့ထွက်ပေါက်က နောက်ဆုံးခြေလှမ်းများနဲ့ ၂၀၁၀-ရဲ့တံခါးမှာခြေချ မဇ္ဈိမဒေသကို ရောက်ခဲ့ရပြန်ပြီ။ ဒီဇင်ဘာလရဲ့ အေးချမ်းတဲ့ရာသီမှာ ရင်မအေးနိုင်စရာ ဘ၀အမောတွေနဲ့ အမိမြေမှ စတင်ထွက်ခွာလာခဲ့တယ်။ အတွေးပေါင်းများစွာနဲ့ ၂၀၁၀-နှစ်သစ်အစမှာ အနာဂါတ်မှတ်တိုင်ရဲ့ ကမ္ဗည်းမော်ကွန်းအတွက် ခြေလှမ်းတွေ သွက်နေလား နှေးနေလား ကိုယ်တိုင်မဝေခွဲနိုင်ခဲ့ဘူး။ ဒီလိုနဲ့ မဇ္ဈိမဒေသကို ဒီဇင်လာလ(၁၈)ရက်နေ့မှာ ရောက်ခဲ့တယ်။ ရောက်ရောက်ချင်း ထုံးစံအတိုင်းတွေ့နေကျ ခါးသည်းတဲ့အရသာကို ခံစားခဲ့ရတယ်။ ဒါပေမယ့် ခံစားဖူးတော့လည်း သိပ်တော့မထူးဆန်းတော့ဘူး။ ရဟန်းတစ်ပါးရဲ့ အသည်းကမာပြီးသားဆိုတော့ ခံနိုင်ရည်တော့ ရှိတာပေါ့။ အသည်းမာပေမယ့် အလွမ်းမျက်ရည်တွေနဲ့ကျစ်ရစ်ခဲ့တဲ့ ဇရာဖိစီး ပါးရည်ပြိုင်းပြိုင်းထနေတဲ့ အဖေနဲ့အမေ၊ ပြီးတော့ အစစအရာရာကျွေးမွေးပြုစုပေးတဲ့ မွေးစားအမေနဲ့ ညီမလေး သူတို့ကိုပြန်ပြီးသတိရမိတယ်။ ကိုယ့်ရဲ့ခရီးလမ်းက ဘာမှန်းမသိသေးပေမယ့် သေချာတဲ့ အလွမ်းလေးတစ်ခုကတော့ ရင်ထဲနေရာယူသွားပြီလေ။ ပုထုဇဉ်းရဟန်းတစ်ပါးရဲ့ ဒိုင်ယာရီမှာလည်း သံယောဇဉ်အနှောင်အဖွဲ့တွေ ရှိနေနိုင်တာ ပါပဲလေ။ အခက်အခဲအခဲတွေနဲ့ကြုံတွေ့တိုင်း အချစ်ဆုံးကိုသတိရတယ်ဆိုတဲ့စကား သိပ်မှန်ပါ လားလို့ တွေးတောမိတယ်။ “အမေနဲ့ဝေး ငါ့သွေးငါ့ချွေးနဲ့ ငါ့ဘ၀ကို ငါခြေချတဲ့အခါ အမေ့သွေး အမေ့ချွေးတွေ လိုနေမှန်း ငါသိခဲ့ရတယ်။”တဲ့။ အမိမြေကို ခွဲခွာလို့ နယ်မြေခြား တိုင်းတစ်ပါးမှာ ပညာရေးအတွက် ခြေချမိချိန်မှာတော့ အမှတ်တမဲ့နေခဲ့တဲ့ အမိအဖ ဆရာသမား ဆွေမျိုးများနဲ့ မိတ်ဆွေအပေါင်းတို့ရဲ့ အကြင်နာ မေတ္တာတွေ သူတို့ရဲ့ကူညီမှုတွေဟာ ငါ့မှာလိုအပ်နေဆဲပါလားလို့ အမှတ်တမဲ့နေခဲ့တဲ့ အမှတ်တရလေးတွေဟာ အလွမ်းလေးတစ်ခုအဖြစ် ပြောင်းလဲလို့ ရင်ထဲမှာနက်ရှိုင်းစွာ ၀င်ရောက်နေရာယူသွားပြန်ပြီ။ သေချာနေတဲ့အလွမ်းတွေအစား မသေချာတဲ့ အတွေးတွေကတော့ ဆက်လက်ပြေးသွားဆဲ။ (၂) လေယာဉ်ခရီးစဉ်ပြီးဆုံးပေမယ့် ဗာရာဏသီကို ခရီးဆက်ရဦးမယ်လေ။ဒီလိုနဲ့ မီးရထား ဘူတာကို သူငယ်ချင်းရဟန်းတစ်ပါးနဲ့အတူ ဆက်လက်ချီတက်ခဲ့တယ်။ မြန်မာပြည်ကထွက်မလာခင်ကတည်းက ရထားလက်မှတ်ဖြတ်ခိုင်းထားတဲ့အတွက် လက်မှတ်ကိစ္စကတော့ မပူပင်ရတော့ဘူး၊ ရင်မောစရာတစ်ခုကတော့ ပေါ့သွားခဲ့တယ်။ ည(၁၁)နာရီမှာ ရထားစတင်ထွက်ခွာခဲ့တယ်၊ အဲဒီမှာပဲ အခက်အခဲတစ်ခုတွေ့ရပြန်တယ်။ အဆင်မပြေမှာစိုးလို့ 3-AC လက်မှတ်ဖြတ်ထားကာမှ ပိုတောင်ဆိုးနေသေး၊ 3-ACဆိုတော့ သုံးယောက် စီးရမယ့်အစား ခရီးသွားဖော်ကုလားကိုယ်တော်ချောတို့က လက်မှတ်နှစ်စောင်ဖြတ်ပြီး မိသားစုလေးယောက် ပေါင်းစီးတော့ နေရာကကြပ်၊ သူတို့ပစ္စည်းတွေလည်းများတော့ ကိုယ့်ပစ္စည်းတောင်ထားစရာမရှိ မနည်းထိုးသိပ်ခဲ့ရတယ်။ ဒုက္ခရောက်လိုက်တဲ့ဖြစ်ခြင်း။ ကိုယ့်ဆီမှာဆို အဲဒီလိုအဖြစ်မျိုးနဲ့မကြုံရ၊ ဘယ်သွားမယ်ဆို အမေနဲ့ညီမလေးတို့ကစီစဉ်ပြီးသား၊ရဟန်းဘ၀ သိက္ခာတော်အရင့်အမာကြီးဖြစ်နေတဲ့အထိ အရေးပေးအလေးထားကြတဲ့ သူတို့ရဲ့ဂရုစိုက်မှုတွေက ပိုပြီးထင်ပေါ်လာပြန်ရော၊ ဒီကြားထဲ ရထားကခဏ ခဏရပ် အတူလာတဲ့သူငယ်ချင်းကပြောတယ်၊ ဒီရထားကကွာ ခြုံပုတ်မြင်တိုင်း ရပ်နေတာပဲတဲ့၊ ဗိုက်တွေကဆာ၊ သွားတဲ့ခရီလမ်းကအဆင်မပြေ လွမ်းပါတယ်ဆိုမှ ငိုချင်သူကို လက်တို့သလိုဖြစ်နေပြီ။ မီးရထားကဂျုံးဂျုံးဂျက်ဂျက် ရင်မောစရာအတွေးတွေက ဒိန်းဒိန်းဒက်ဒက်နဲ့ ရထားခေါ်ဆောင်ရာနောက်ကို အတွေးတွေနဲ့လိုက်ပါသွားခဲ့ရတယ်။ ဒီလိုနဲ့ ဗာရာဏသီကို ၁၉-ရက်နေ့ည ၁၁-နာရီမှာရောက်ခဲ့ပါတော့တယ်။ နွေးထွေးတဲ့ ကျောင်းတက်ဖော် ရဟန်းတော်တွေရဲ့ အပြုံးတွေကြောင့်သာ ဆောက်တည်ရာ ရသွားခဲ့ပါ တယ်။ ဒါပေမယ့် အိမ်အလွမ်းကတော့ မပြေချင်။ (၃) ဒီဇင်ဘာ ၂၅၊ ၂၆ ရက်နေ့တွေမှာ ကျင်းပတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ ဆယ်နှစ်မြောက် စုံညီနှစ်ပတ်လည် အစည်းအဝေးကို သူငယ်ချင်းများနဲ့ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးကြီးကျင်းပတဲ့ ရက်တွေအတွင်းမှာ အဖွဲ့ဝင်တွေအချင်းချင်း မိတ်ဖွဲ့ကြ။ စကားပြောကြနဲ့ ကြည်နူးအားတက်စရာပါ။ မိတ်ဟောင်းမိတ်သစ်တွေ စကားပြောလို့ မ၀နိုင်ခဲ့ကြဘူး။ နှစ်ပတ်လည်အစည်းအဝေးပွဲကြီးမှာ အဖွဲ့ကြီးရဲ့တိုးတက်ရာတိုးတက်ကြောင်းတွေ ဆွေးနွေးကြ၊ ဌာနအသီးသီးရဲ့ အမှုဆောင်များ၊ အဖွဲ့ကြီးတစ်ခုလုံးရဲ့ အမှုဆောင်များ အသီးသီးရွေးချယ် တင်မြှောက်ကြပါတယ်။ အချင်းချင်းမဲပေးကြ ပျော်စရာမြင်ကွင်းကို မြင်ရတော့ ရင်ထဲမှာပျော်ရွှင်မှုတွေ ကူးစက်လို့ တစ်ခါတုံးက “အမေသို့” ဆိုတဲ့ကဗျာလေးရဲ့ အပိုင်းအစလေး တစ်ခုကို သွားသတိရမိတယ်။ “စိန္တေရှင့်တရားသတင်းစကားတွေနဲ့ ကမ္ဘာတိုင်အောင် ချဉ်းမယ့်သားပေါ့လို့ ဂုဏ်ယူရတဲ့ အပျော်ထက်၊ ရင်ခွင်ဆီ မဆိုက်ကပ်နိုင်တဲ့သားကို မရောက်တာကြာပေါ့လို့ မျှော်ရတဲ့အမော ဘယ်အရာက စီးစီးပိုးပိုးရှိခဲ့လေမလဲ”တဲ့ အဲဒီကဗျာလေးထဲကလို အဖွဲ့ကြီးရဲ့ ညီနောင်အချင်းချင်း မဲပေးကြသလို ကိုယ့်ဘ၀အောင်မြင် ဖို့အတွက် ရင်ခွင်ကိုဟာလာကျင်း အလွမ်းမျက်ရည်တွေနဲ့ မဲအပြည့်ပေးကြတဲ့ အမေနဲ့ ညီမလေးတို့ရဲ့ မေတ္တာသံယောဇဉ်တွေက ကမ္ဘာ့သာသနာပြုအိပ်မက်တွေမက်ရင်း မေတ္တာရင်ခွင်နဲ့ဝေးနေသူ ရဟန်းတစ်ပါးရဲ့ ရင်ထဲမှာတော့ စူးနစ်ခဲ့ပါတယ်။ ညီနောင်တို့ရဲ့ အချင်းချင်းဆွေးနွေးပွဲမှာ ပညာရေး၊ လူမှုရေး၊ကျန်းမာရေးဆိုင်ရာများ၊ ပရဟိတဆိုင်ရာလုပ်ငန်းရပ်များကို အဆိုတင်သွင်း ထောက်ခံဆွေးနွေးလို့ သက်ဝင်လှုပ်ရှား နေတဲ့အချိန်မှာ အတွေးထဲမှာတော့ ငါလည်း တစ်နေ့ကျရင် ပညာရေးတွေ ကျန်းမာရေးတွေ ပရဟိတလုပ်ငန်းတွေကို ဘယ်လိုလုပ်မယ်၊ ဘယ်လိုစီမံကိန်းတွေ ပြင်ဆင်ထားသင့်တယ်စတဲ့ အတွေးတွေဟာ ခေါင်ထဲမှာနေရာယူနေခဲ့ပြန်ပါတယ်။ အနာဂါတ်ဘ၀အတွက် ပြင်ဆင်ရမယ့် ခရီးကြမ်းကို မှန်မျှော်ရင်း တိုက်ဆိုင်မှုအလွမ်းလေးတစ်ခုက ရင်ထဲဝင်ရာက်လို့ လာခဲ့ပြန်ပေါ့။ ပညာသင်ခရီးထွက်လာခါနီး မှာလိုက်တဲ့ မိဘဆရာသမား ဆွေမျိုးများနဲ့ ကျေးဇူရှင် အပေါင်းတို့ရဲ့ မှာတမ်းချွေစကားဟာ ပဲ့တင်ထပ်လို့၊ ကျန်းမာရေးဂရုစိုက်ဖို့၊ ပညာကြိုးစားဖို့၊ ပတ်ဝန်းကျင်နဲ့ တည့်အောင်နေဖို့ သူများနိုင်ငံမှာ အစစအရာရာသတိရှိဖို့ စတဲ့မပြီးဆုံးနိုင်တဲ့ သူတို့ရဲ့အသံတွေ နားထဲမှာကြားယောင်ကာ လွမ်းမောနေမိပါရဲ့။ (၄) အစည်းအဝေးကြီးအပြီးနောက်တစ်ရက် ဒီဇင်ဘာ၂၇-ရက်နေ့၊ နေ့ဆွမ်းစားပြီးတာနဲ့ နေထိုင်ရာဗာရာဏသီကို ညီနောင်တို့နဲ့အတူ ကားနဲ့ပြန်ခဲ့ကြတယ်။ ကားစထွက်ချိန် ၁၂း၃၀ နာရီတိတိ။ ကားပေါ်မှာပါလာတဲ့ အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ ဗာရာဏသီဌာနဥက္ကဋ္ဌဆရာတော်များရဲ့ စီမံဖန်တီးမှုနဲ့“ Seminar on the Bus” (ဘတ်စ်ကားပေါ်က နှီးနှောဖလှယ်ပွဲ)လေး ပေါ်ပေါက်လာပါတော့တယ်။ တင်ဆက်သူ(Presenter) အဖြစ်ဆောင်ရွက်သူရဟန်းတော်နှစ်ပါးကလည်း ဒီပွဲလေးကို ပိုပြီးအသက်ဝင်စေခဲ့ပါတယ်။ ကားပေါ်မှာ ပါလာတဲ့ ရဟန်းတော် (၄၅) ပါးလုံး ဘ၀အမြင်၊ ဘ၀အတွေ့အကြုံတွေနဲ့ ရှေ့ဆက်ရမယ့် သာသနာရေးခရီးအတွက် ခံယူချက်တွေကို တင်ပြကြတာပါ။ ဘ၀မှာ တစ်ခါမှ မကြုံဖူးတဲ့အတွေ့အကြုံလေးတစ်ခုပါပဲ ။ ပွင့်လင်းလွတ်လပ်စွာ အချင်းချင်းအလှည့်ကျပြောဆိုကြတာမို့ ငြီးငွေ့စရာကောင်းတဲ့ ခရီးလမ်းဟာ တစ်သက်တာအောက်မေ့ဖွယ်ရာဖြစ်ခဲ့ပါတော့တယ် ပရိယတ်နဲ့ ပဋိပတ်အတွေ့ အကြုံတွေမွေ့ ထုံခဲ့ကြဖူးတဲ့ ပညာတတ်ရဟန်းတော်များရဲ့ မှတ်သားစရာ ရင်တွင်းစကားများက အတွေးများကို ပိုမိုရှင်သန်စေခဲ့ပြန်တယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ ပညာရေးကော်မတီရဲ့ ရှေ့လုပ်ဆောင်ရမယ့် အစီအစဉ်များ ရည်ရွယ်ချက်များ မျှော်လင့်ချက်များ အကောင်အထည်ဖေါ် ဆောင်ရွက်ရမယ့် နည်းလမ်းများ စုံလင်စွာနဲ့ အမောတွေကို ပျော်စရာတွေနဲ့ ဖြေဖျောက်ခဲ့ကြတယ်။ မှတ်သား စရာ သူတို့ရဲ့ဒဿနအတွေးအမြင်တွေက မျှော်လင့်ချက်ရောင်ခြည်ကို လင်းလက်စေခဲ့တယ်။ ဒီလိုနဲ့ တစ်ယောက်တစ်လှည့်စီ ရင်တွင်းစကားတွေကိုပြောလို့ အတွေးကောင်းနေတုံး အစီအစဉ်တင်ဆက်သူရဲ့ ခေါ်သံကြားလိုက်မှ ကိုယ့်အလှည့်ရောက်မှန်းသိတော့တယ်။ သူ့ခေါ်သံကလည်း ကြည့်ပါဦး၊ လောကရဲ့ ဘ၀အမောတွေကို ဥာဏ်နဲ့ သုံးသပ်ဆင်ခြင်မယ့်သူ ရှေ့ကို ကြွပါတဲ့။ ဟုတ်ပါရဲ့ ကိုယ့်ဘွဲ့အမည်ကလည်း အဲဒီအနက်အဓိပ္ပါယ်ကို ကိုယ်စားပြုနေမှကိုး။ ခုမှခက်ပကော ကိုယ့်ခေါင်းထဲမှာက မရေရာတဲ့အတွေးတွေနဲ့ သေချာတဲ့အလွမ်း တွေပဲ နေရာယူထားတာ၊ ပြောစရာခေါင်းစဉ်မရှိ၊ ဒါပေမယ့်ပေါ့လေ အလှည့်ကျတော့လည်း မနွဲ့စတမ်း ပြောရမှာပေါ့ဆိုပြီး ရှေ့ကိုထွက်ခဲ့တယ်။ ညီနောင်တွေကို ကြည့်တော့ အကုန်လုံး တက်ကြွလို့ ဘာပြောမလဲလို့ နားစွင့်နေကြတယ်။ အဲဒီအချိန်မှာ ခေါင်းထဲကို အတွေးတစ်ခု ၀င်ခဲ့တယ်၊ ဘာလဲဆိုတော့ ညီနောင်တို့က ချစ်စနိုးနဲ့ကြည်စယ်ကြတယ်၊ လောကကြီး မကောင်းဘူးတဲ့၊ လောကကြီးမကောင်းဘူးတာပြောတယ် သူတို့ပဲလာပေါင်းနေကြတာလို့ ရယ်စရာအဖြစ်ပြောခဲ့တယ်။ ဟုတ်တယ်လေ ကိုယ်မကောင်းဘူးဆိုရင် လာပေါင်းတဲ့သူတို့ မကောင်းလို့ပေါ့၊ ဒီလိုနဲ့ပဲ ငြီးငွေ့စရာကောင်းတဲ့ ခရီးလမ်းကို ရယ်စရာတွေနဲ့ အဆုံးသတ်ခဲ့ ကြတယ်။ (၅)နာရီကြာအောင်စီးရတဲ့ ဂယာဗာရာဏသီခရီးလမ်းဟာ တက်ကြွတဲ့စကားလုံးတွေရဲ့ တွန်းအားနဲ့ တိုတောင်းသွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ်လေ လမ်းဘေးလယ်ကွင်းရိုးပြတ်တောကို ငေးမောရင်း၊ ညီနောင်တို့ရဲ့ အတွေးအမြင်ရင်တွင်းစကားကို နားထောင်ရင်း အတွေးတွေအစား အလွမ်းတွေက ရင်ထဲကိန်းအောင်းလို့ လာပြန်ပြီ၊ တစ်ချိန်တုံးက မြို့ပြပညာသင်ခရီးဆိုပြီး လောကုတ္တရာကိုမှီးသွားတဲ့ သားကို လယ်ကွင်းရိုးပြတ်တောမှာ မျက်ရည်မှုန်ဝါးနဲ့ ကျန်ရစ်ခဲ့တဲ့ အမေ့ရုပ်ရည် မွေးစားအမေနဲ့ ညီမလေးတို့ရဲ့ စိတ်မချတဲ့ပုံရိပ်တွေကို မြင်ယောင်ရင်း မရေရာတဲ့အတွေးများနဲ့ သေချာတဲ့ အလွမ်းများရဲ့ခေါ်ဆောင်ရာနောက်လိုက်လို့ နေထိုင်ရာ ဗာရာဏသီရွှေမြို့တော်သို့ ရောက်ခဲ့ လေပြီ။ ဂင်္ဂါမြစ်ကမ်းပါး အောင်မြင်သူတို့ရဲ့နေရာ မဇ္ဈိမတံခါးပေါက်မှာ ၂၀၁၀-နှစ်သစ်ရဲ့ ခြေလှမ်းအစပျိုးလို့ မရေရာတဲ့အတွေးတွေကိုပဲ မျိုချရမလား၊ သေချာတဲ့အလွမ်းတွေကိုပဲ ခံစားရမလား စဉ်းစားရင်း……………