Saturday, February 13, 2010

လမ်းပေါ်ရောက်ပြီလား


လမ်းပေါ်ရောက်ပြီလား ဆိုတဲ့စကားလေးဟာ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့ စကားလုံးလေးပါ။
မှတ်မှတ်ရရပေါ့ သူငယ်ချင်းတွေဆုံမိတုံး ၀ိုင်းထိုင်လို့ စပ်မိစပ်ရာ စကားလေးပြောဖြစ်ကြတယ် ။ များသောအားဖြင့် လူတွေဟာ လမ်းပေါ်ကလူဆိုရင် သိပ်ပြီးအထင်မကြီးတတ်ကြဘူးလေ။ စင်ပေါ်ရောက်မှ၊ အမြင့်ရောက်မှ အထင်ကြီးကြတဲ့လောကကြီးဆိုတော့ လမ်းပေါ်ကလူဆိုရင် မျက်လုံးစိမ်းကြီးတွေနဲ့ အကြည့်တွေက စိမ်းတတ်ကြတယ်လေ။ ဒါကလဲဖြစ်တတ်တဲ့နိယာမ သဘောဆိုတော့ သူ့တို့ကိုလဲ အပြစ်ကမဆိုသာဘူးပေါ့။ ခေတ်ကြီးကိုက ဂုဏ်ကိုခင် ပကာသနကိုမင်ကြတဲ့ခေတ်ကြီးဆိုတော့ လမ်းပေါ်ကလူဆိုရင် တေလေကြမ်းပိုး၊ ယောင်ခြောက်ဆယ်၊ အလုပ်မရှိ အကိုင်မရှိတဲ့သူလို့ ထင်ကြတာကလား။
လမ်းပေါ်ကလူနဲ့ လမ်းဘေးကလူ သိပ်မခွဲခြားတတ်တာလဲ ဖြစ်နိုင်လောက်ပါတယ်။ လူဟာ သူ့ဟာနဲ့သူ တန်ဖိုးတော့ရှိကြတာပေါ့၊ အကုန်လုံးသုံးစားလို့ မရတာတော့ မဟုတ်ပါဘူး။
လမ်းဘေးရောက်တဲ့သူဟာ အတော်ရှားပါတယ်။ ပညာဘယ်လောက်တတ်တတ်၊ ပစ္စည်းဥစ္စာဘယ်လောက်ပေါပေါ လူအများနဲ့ သဟဇာတမဖြစ် ၊ ကိုယ့်အကျိုးတစ်ခုတည်းကိုသာ ကြည့်တတ်တဲ့လူတန်းစားတွေဟာ လမ်းပေါ်ရောက်တဲ့ လူတန်းစားထဲ မပါနိုင်ပါဘူး၊
ဘေးထိုင်ဘုပြော အကောင်းမမြင်ဝါဒ လက်ကိုင်စွဲထားတဲ့သူတွေပေါ့။
တစ်ခါတုန်းက ၀တ္ထုလေးတစ်ပုဒ်ဖတ်လိုက်ရတယ် စာရေးဆရာ ညီငယ်လေးရေးတဲ့ စာလေးပါ။
ကိုသက်ပြင်းဆိုတဲ့ ကြပ်မပြည့်သူတစ်ယောက်အကြောင်းရေးထားတာပါ။ ကိုသက်ပြင်းဟာ ကြပ်မပြည့်ပေမဲ့ ရေထမ်းပြီးသူဘ၀ကို ရုန်းကန်ရှာတယ်၊ ရေပုံးရှိရင် ကိုသက်ပြင်းအတွက် ဘာမှပူစရာမလိုဘူး၊ ရေလိုတဲ့အိမ် ရေထမ်းပေး ကျွေးတဲ့ထမင်းစား ပေးတဲ့ပိုက်ဆံယူပြီး သူ့ဘ၀ သူ့လမ်းပေါ်သူလျှောက်နေတဲ့သူ။
တစ်နေ့အလှူအိမ်မှာ ကိုသက်ပြင်းတစ်ယောက် ထမင်းသွားစားတယ် တောဓလေ့အတိုင်း လူကဖိနပ်မစီးဘူး ၊ ဖိနပ်ကလူကိုစီးထားတယ်၊ ဖိနပ်ပျောက်မှာဆိုးလို့ ခါးကြားထဲမှာ နေရာယူထားတယ်ပေါ့။
အဲဒီအချိန်မှာ ဖိနပ်မပါတဲ့ လူကြီးတစ်ယောက် တောင်ဝှေးကြီးနဲ့ အလှူအိမ်ကို သူလဲထမင်းလာစားတယ်၊ အရပ်ထဲမှာပေါ့ အသက်ကြီးတော့ လူရိုသေ ရှင်ရိုသေပေါ့ ။ အလှူအိမ်ရောက်တော့ ထမင်းစားပြီး ကိုသက်ပြင်းခါးကြားက ဖိနပ်ကိုမြင်ပါလေရော၊ အဲဒီမှာပဲ သူ့ဖိနပ် သက်ပြင်းခိုးပါတယ်ဆိုပြီး တောင်ဝှေးနဲ့ ကိုသက်ပြင်ကိုရိုက်ပါလေရော ကိုသက်ပြင်းခမျာ လူးလိမ့်ခံရပါလေရော၊ ဘေးကလူတွေကော ကိုသက်ပြင်းကို ဆဲဆို ကြိမ်းမောင်းလို့ပေါ့။ အဲဒီအချိန်မှာ ဘေးနားအိမ်ကလူတစ်ယောက်က ဖိနပ်မပါဘဲလာတဲ့ အဖိုးကြီးကိုသတိပြုမိထားတော့ သူကသွားပြောတယ် ဘကြီး ခုနလာတုံးက ဖိနပ်ပါလို့လားလို့ တကယ်သိတဲ့သူ လာပြီးမေးမှ ဟုတ်သားပဲ ဘကြီးမေ့သွားတယ် ဖိနပ်ပါမလားဘူးတဲ့ ၊ အဲဒီတော့မှ ကိုသက်ပြင်းခမျာ သက်သာသွားတယ်။ ကိုသက်ပြင်းလဲ သက်သာရာရသွားရော လဲနေတဲ့နေရာကထပြီး ပြောလိုက်တဲ့စကားက ´သက်ပြင်းလေ မခိုးဘူး ငရဲကြီးတတ်တယ် တဲ့` ကဲဘယ့်နဲ့ရှိစ၊ အသိရှိတဲ့ ကြပ်ပြည့်တဲ့သူက ကြပ်မပြည့်တဲ့သူစီက ဖိနပ်ကိုလိုခြင်တယ်။ ဘယ်သူက လမ်းပေါ်ကလဲ ဘယ်သူကလမ်းဘေးလဲ စဉ်းစားကြည့်စေချင်တယ်။
လူ့လောကမှာ ကိုယ့်အတွက်ဘဲ ကြည့်တတ်တဲ့ တစ်ဖို့ထဲသမားတွေ အများကြီးပါ။
အဲဒီလူတွေက လမ်းပေါ်ကလား၊ လမ်းဘေးကလား ၊
သူငယ်ချင်းကို သူ့ဆရားသမားတစ်ပါးက မေးတယ် မင်းဘာလုပ်နေလဲ ဘယ်မှာနေလဲ စသည်ပေါ့။ အဲဒီလိုမေးတော့ သူငယ်ချင်းကဖြေတယ် အခုတော့ တပည့်တော် လမ်းပေါ်မှာဘဲဘုရားလို့ ၊
အဲဒီတော့ သူ့ဆရာသမားကပြောတယ် အေးမင်းစာတတ်သွားပြီတဲ့။
ကဲမိတ်ဆွေတို့ ဒို့လဲ လမ်းပေါ်ကလား လမ်းဘေးကလား ..........................

No comments:

Post a Comment